Friday, December 24, 2010

Merry X'mas & A Happy New Year 2011!


ILBP ကို အလည်လာသူအားလုံးအတွက် ပျော်ရွှင်စရာခရစ္စမတ်နေ့လေးကို ပိုင်ဆိုင်ဖြတ်ကျော်ရင်း နောင် လာမယ့် နှစ်သစ် ၂၀၁၁ မှာလည်း ပျော်ရွှင်စရာနှစ်သစ်လေးအဖြစ် ပိုင်ဆိုင်နိုင်ကြပါစေလို့.... မောင် ဖန်တီးပေးလိုက်တဲ့ ကဒ်လေးနဲ့ ဆုတောင်းလိုက်ပါရစေနော်...

ပျော်ရွှင်ချမ်းမြေ့ကာ ချစ်ခင်သူများနဲ့အတူ ပျော်ရွှင်ဖွယ်နှစ်သစ်ကို ပိုင်ဆိုင်ကြစေဖို့....


With Love,
ILBP

Wednesday, September 15, 2010

ရေခဲမုန့်နဲ့ကော်ဖီ

“မောင်... အမှတ်တရပါပဲ အဲဒီနေ့ အဲဒီအချိန်လေးကို ကျွန်မမေ့မရတာ အသေအချာပေါ့... မောင့်လက်ထဲမှာ ကျွန်မရဲ့ သေးကွေးတဲ့လက်အစုံ တင်းတင်းဆုပ်ထားတာကို ခံနေခဲ့ရတာ...အချိန်အတော်ကြာပေါ့... စဉ်းစားလိုက်တိုင်း ကျွန်မရဲ့လက်တွေ ပြန်ပြီးနွေးနွေးလာတယ်...

မောင့်မျက်ဝန်းတွေက လက်ဖြာနေတဲ့ အရောင်တောက်တောက်တွေက ကျွန်မငယ်ငယ် စိတ်ကစားတတ်စ ဆယ်ကျော်သက်မှာ စာကျက်ရင်း ညဘက် ကောင်းကင်ယံထဲကို မော်ကြည့်လိုက်တိုင်း မြင်ရတတ်တဲ့ သောကြာကြယ်လေးလိုပါပဲနော်... သိပ်ကို တောက်ပပြီး ဖြူစင်နေခဲ့တာလား... ကျွန်မ ဒီလိုပြောရင် မောင်မရယ်ပါနဲ့...

မောင်...တဒင်္ဂဆုံစည်းရမှုရဲ့ အမှတ်တရ စကားလုံးများစွာကို စာရွက်ဖြူဖြူမှာ မင်တံနက်နက်နဲ့လည်း ကျွန်မတို့ သူတလှည့်ကိုယ်တလှည့် ရေးဖြစ်ခဲ့ကြသေးတယ်ဆိုတာ အံ့သြစရာကောင်းခဲ့တာပဲ... တကယ်ပဲနော် အဲဒီအဖြစ်အပျက်တွေဟာ တကယ့်အဖြစ်တွေပဲ... ကျွန်မရော မောင်ရော ဖန်တီးဖြစ်ခဲ့ကြတယ်လေ... ဒီလိုပြောလို့ မောင်က ကျွန်မကို အတိတ်မှာ အချိန်ဖြုန်းသူအဖြစ်နဲ့ ဝေဖန်စရာမဖြစ်စေချင်ဘူး...

မောင်... သိပ်ချစ်ပါတယ် တုန်... နေအောင်ချစ်ပါတယ်ဆိုတဲ့ စကားတန်ဆာမဆင်ဘဲ ပြောခဲ့တဲ့ မောင့်ချစ်စကားက ကျွန်မနားမှာ ပဲ့တင်ထပ်ခဲ့တယ်... အဲဒီစကားလေးဟာ ကျွန်မဘဝတခုကို မောင့်ဘဝတခုနဲ့ ပေါင်းစပ်ဖြစ်စေဖို့ အစပျိုးခဲ့တယ်လေ... သိပ်ချစ်ပါတယ်မောင်ရယ်လို့ တဖွဖွပြောရင်း ကျွန်မကို ဘယ်လောက်ထိချစ်သလဲ ဆိုပြီး အမြဲမေးဖြစ်နေခဲ့တဲ့အပေါ် မောင် ကျွန်မကို စိတ်မပျက်နဲ့...

မောင်... ဆုံစည်းခြင်းအမှတ်တရနေ့လေးမှာ မောင်နဲ့ကျွန်မ ဆိုင်လှလှလေးတဆိုင်မှာ တခဏ စည်းစိမ်ယူဖြစ်ခဲ့ကြသေးတယ်နော်... မောင်က ကာပက်ချီနိုကော်ဖီပူပူတခွက်နဲ့ ကျွန်မက ဂျယ်လီချောကလက်ရေခဲမုန့်တခွက်နဲ့.... ကဲ ဘယ်လောက်များ ထူးဆန်းလိုက်ပါသလဲ... မောင်က အပူသောက်ချိန်မှာ ကျွန်မက အအေး... ဒါပေမယ့် ခရင်မ်ကိတ်လေးတစ်ချပ်ကိုတော့ ကျွန်မနဲ့မောင် တယောက်တလုပ် အတူတူစားဖြစ်ခဲ့တယ်... ဒါပါပဲမောင်... ကျွန်မနဲ့မောင် လျှောက်လှမ်းမယ့် ဘဝမှာ မောင့်လိုအပ်ချက်ဟာ ကျွန်မဖြစ်ရမလို ကျွန်မလိုအပ်ချက်ဟာလည်း မောင်ဖြစ်ရမယ်လေ... ဒါကြောင့် မောင်နဲ့ကျွန်မ အမှတ်တရနေ့မှာ မောင်လိုအပ်နေတဲ့ မောင်မစားဖြစ်တဲ့ အအေးလေးတခွက် ကျွန်မစားဖြစ်ခဲ့သလို ကျွန်မမသောက်ဖြစ်တဲ့ အပူလေးတခွက်နဲ့ မောင် ကျွန်မအတွက် ဖြည့်စွက်ပေးခဲ့တာပဲမဟုတ်လား...

ပျော်ရွှင်ခဲ့... ပျော်ရွှင်ဆဲ... ပျော်ရွှင်မယ် မောင်နဲ့အတူ နောက် သက်ဆုံးတိုင် ဘဝဆက်တိုင်း ဆုံစည်းခွင့်ရခဲ့ရင်ပေါ့... မောင်နဲ့ကျွန်မ တယောက်ရဲ့လိုအပ်ချက် တယောက်က ဖြည့်ဆည်းပေးရင်း... ကူညီပေးရင်းလေ... မွန်းကြပ်လှတဲ့ ဘဝအမောတွေကြားက သေသပ်လှပတဲ့ ဘဝပန်းချီကားလေးတချပ် ဖြစ်အောင် ဖန်တီးကြမယ်လို့.... ကျွန်မရင်ထဲဆန္ဒရှိနေသလို မောင့်ရင်ထဲလည်း ထပ်တူပဲမဟုတ်လား...


သိပ်ချစ်တယ်မောင်... ကျွန်မအတွက် ကျွန်မဘေးမှာ မောင်ဟာ ကျွန်မလက်တွေကို တင်းတင်းဆုပ်ရင်း မာယာများတဲ့ အလှည့်အပြောင်းများတဲ့ ဘဝလမ်းမပေါ် ခပ်မှန်မှန်ဆက်လျှောက်နေတဲ့ ကျွန်မတို့ ခြေလှမ်းလေးတွေ ဘယ်သောအခါမှ မရပ်ကြေး....


(သုံးနှစ်ပြည့်ဆုံစည်းမှုအမှတ်တရ...)



Wednesday, August 4, 2010

တွဲလက်ထဲက မင်းရဲ့လက်ဆောင်

လူသားတိုင်း အိပ်မက်ကို ရင်းနှီးကြမှာပါ.... ကျွန်မလည်း အိပ်မက်နဲ့အရမ်းရင်းနှီးသူတစ်ယောက်ပါပဲ။
 ဆန်းကြယ်လှပလွန်းတဲ့ အိပ်မက်တွေနောက် တကောက်ကောက် အခါခါလိုက်မိခဲ့ပါတယ်။ အိပ်မက်ဆိုတဲ့အတိုင်းပဲ အိပ်နေတုန်းသာ ခံစားခွင့်ရတာမဟုတ်လား။ အိပ်ရာကနိုးလာတဲ့အချိန် မျက်လွှာအစုံက ပကတိ လက်ရှိ ပစ္စုပ္ပန်ကို ပြန်လည်ရောက်ရှိလက်ခံလိုက်ရတာချည်းပါပဲ။

အိပ်မက်တွေထဲက တစ်စုံတစ်ရာဆိုတာ ကျွန်မဘဝမှာ မရှိခဲ့ပါဘူး။ အိပ်မက်တွေအားလုံးကို အပျော်တွေ အလွမ်းတွေ ပူဆွေးမှုတွေနဲ့လည်း ကျွန်မက တကူးတကလည်း မခံစားခဲ့ဖူးဘူး။ လက်ရှိအနေအထားကနေ မွန်းကြပ်မှုတွေ ဖြစ်လာတဲ့အခါတိုင်း လောကကြီးရဲ့ မမြင်နိုင်တဲ့ အိပ်မက်ကမ္ဘာမှာပဲ နစ်မြောလိုက်တာပဲလေ။

တစ်ရံတစ်ခါ ငိုကြွေးနေရမှုတွေ အလိုမကျမှုတွေ စိတ်ထဲနင့်နေအောင် ဝမ်းနည်းနေရမှုတွေရဲ့ နောက်ကွယ်က ကျွန်မ မပိုင်ဆိုင်နိုင်သေးတဲ့ ဖြေသိမ့်ခွင့်တွေကို အိပ်မက်ထဲမှာဖန်တီးတတ်ခဲ့တာ။

ဒီလိုနဲ့ ဘဝရဲ့ လမ်းခုလတ်တစ်နေရာမှာ တည်ငြိမ်တဲ့ဟန် ရင့်ကျက်စွာ ဦးဆောင်နိုင်စွမ်းရှိတဲ့ လူသားတစ်ယောက်နဲ့ ကျွန်မ အိပ်မက်ထဲမှာမဟုတ်ဘဲ ပစ္စုပ္ပန်ကမ္ဘာမြေကြီးရဲ့ တစ်နေရာမှာ ဆုံစည်းခွင့်ရသွားတဲ့အခါ .... အိပ်မက်ထဲမှာ ထည့်ပြီး မတွေးဖူး မခံစားခဲ့ဖူးတဲ့ ပျော်ရွှင်ခြင်းတွေ နှစ်လိုဖွယ် နှစ်သက်ဖွယ် မေတ္တာတရားတွေ နဲ့ ကျွန်မဘဝလေး လန်းဆန်းသွားခဲ့ရတယ်။

အမြဲတမ်းတွေးငေးရင်း ကိုယ်လုပ်ချင်တာတွေကိုသာ လျှောက်လုပ်နေခဲ့တဲ့ ကျွန်မ ထိုလူသား နဲ့ ဆုံစည်းပြီးနောက်မှာ ဘဝရဲ့ ရှေ့ခရီးကို သူနဲ့အတူ ပြိုင်တူဖြတ်သန်းချင်စိတ်တွေ ကျွန်မရဲ့အိပ်မက်တွေကို ပစ္စုပ္ပန်နဲ့အနာဂတ်မှာ ထိုလူသားနဲ့အတူတူ လက်တွေ့ဘဝထဲ လက်တွေ့ပိုင်ဆိုင်ခွင့်တွေရဖို့ ကြိုးစားကြည့် ချင်ခဲ့တယ်လေ။

ဒီလိုနဲ့ ထိုလူသားရဲ့ ကမ်းတဲ့လက်ကို ကျွန်မ ဘဝတစ်ခုလုံးနဲ့ချီပြီး တွဲဆုပ်လိုက်တဲ့အခါ.....
  • တစ်ရက်ထက်တစ်ရက် နူးညံ့သိမ်မွေ့ခြင်းထုံလွှမ်းတဲ့ မေတ္တာတွေနဲ့
  • တစ်ချိန်ထက်တစ်ချိန် ကြင်နာအင်အားအပြည့်နဲ့ နွေးထွေးဂရုတစိုက်ရှိမှုတွေ 
မရပ်မနား သစ်လွင်တဲ့နေ့စွဲလေးတွေမှာ ထိုလူသားရဲ့ အညင်သာဆုံး နားလည်စာနာမှုအပြည့်ရှိတဲ့ အပြုမူလေးတွေနဲ့သာ လှပကြည်နူးခွင့်ရလာခဲ့တယ်လေ။

ဒီနေ့ ဒီအချိန်ထိ ပြောင်းလဲမသွားတဲ့ ငြိမ်းချမ်းတဲ့ချစ်ခြင်းအသင်္ချေကို ကျွန်မ ထိုလူသားဆီက ပိုင်ဆိုင်ခွင့်ရရှိနေဆဲပဲ......

သစ္စာ  ဆိုတဲ့စကားလုံးကို အနက်တွေဖော်စရာ စဉ်စားစရာ တောင့်တတွေးတောနေစရာ မလိုလောက် အောင်လည်း ထိုသူနဲ့ကျွန်မ တိုက်ဆိုင်တဲ့ အခြေနေများစွာအောက်မှာ တစ်ထပ်တည်းကျတဲ့သစ္စာတရား တွေနဲ့ ဘဝလမ်းကို တည်ကြည်စွာဖြတ်သန်းလျက်ပါပဲ....

လာမယ့် ဒီလ ၂၄ရက်နေ့မှာ ထိုသူနဲ့ကျွန်မ တွဲထားတဲ့လက်လေး နှစ်နှစ်တင်းတင်းပြည့်တော့မယ်လေ။
အဲဒီနေ့ရက်လေးကနေ နောင် နှစ်ပေါင်းများစွာ ငြိမ်းချမ်းတဲ့ သူ့ရဲ့ချစ်ခြင်းတွေနဲ့ ထိုလူသားက ကျွန်မကို လန်းဆန်းအောင် စွမ်းဆောင်ပေးနေအုံးမှာပါပဲ။ အဲဒါ ထိုလူသားရဲ့ ကျွန်မအတွက် ထာဝရလက်ဆောင်ပဲဖြစ်နေပါလိမ့်မယ်။


Monday, April 5, 2010

အနန္တအချစ်


အချစ်...
အဝေးတနေရာကိုကြည့်လိုက်
ဒို့လက်ညှိုးရဲ့ထိပ်တည့်တည့်မှာ
နေမင်းလေးရောက်နေပြီ...

အချစ်...
အနီးဆုံးကိုကြည့်လိုက်
ဒို့ရင်ဘတ်တည့်တည့်မှာ
လမင်းလေးရောက်နေပြီ...

အချစ်...
မိုးကုတ်စက်ဝိုင်းကိုကြည့်လိုက်
ဒို့နှစ်ယောက်တွဲလက်တစ်စုံမှာ
ခိုင်မြဲတဲ့အင်အားရှိနေပြီ...

အချစ်...
အနန္တ အသေင်္ချေချစ်ခြင်းတွေ
မင်းနဲ့ဒို့ ရင်ခုန်သံမရပ်သရွေ့
အပြန်အလှန်ပိုင်ဆိုင်ရင်း
မျှဝေရင်းပေါ့
ခံစားမယ် အတူတူ
ပျော်ရွှင်ခြင်းတွေ
ရိုးရှင်းစွာရယူရင်း
မိုးကုတ်စက်ဝိုင်းအဆုံးထိ
တွဲလက်တွေတင်းတင်းဆုပ်
အဟုတ်အတူ သွားကြစို့....

Sunday, March 21, 2010

သံစဉ်နဲ့အချစ်


မှောင်ရီပျိုးစ
ညခင်းလေးနဲ့အတူ
လေညှင်းကိုဆော့ကစား
အတူပြိုင် ချစ်ခြင်းလှယ်ရင်း
ဆိုင်းဝိုင်းသံမြိုင်မြိုင်အောက်
စီးမျောရင်း အတွေးနယ်ချဲ့တော့
နူးညံ့ညင်သာမှုအပြည့်နဲ့
အက္ခရာလှလှတွေကို
သံစဉ်နဲ့တန်ဆာဆင်ရင်း
သူ့ရယ်သံခပ်သဲ့သဲ့မှာ
ကိုယ် ဝပ်ဆင်းသွား....
ဟန်မပါ အနှစ်ကဗျာတွေက
ဘဝလမ်းကို တံတားခင်း
ချစ်ခြင်းကို ကျောပိုး
အသည်းနှလုံးကို ထွေးပိုက်
အယုအယ မြစ်နဒီကြောမှာ
အကြင်နာကို ရွက်လွှင့်
သစ္စာလှေထဲ
နှစ်ယောက်သား မြတ်နိုးမှုကို အားပြု
အိပ်မက်ကမ်းခြေဆီ
မှန်းဆ ရော်ရမ်းရင်း
အခုတော့
ဆိုင်းသံဗုံသံကြားက
ရုန်းထလာခဲ့ပြီ....

Sunday, February 28, 2010

Happy Birthday My Hubby!


ဖေဖော်ဝါရီလ ၁၉ရက်နေ့မှာ ကျရောက်တဲ့ မောင့်ရဲ့ ၃၉နှစ်ပြည့်မွေးနေ့လေးမှာ ကျွန်မကိုယ်တိုင်ဖန်တီးထားတဲ့ မွေးနေ့လက်ဆောင်လေးပေးခဲ့ပါတယ်။
မောင်က ဝမ်းသာပျော်ရွှင်ကျေနပ်စွာ ကျွန်မရဲ့ မွေးနေ့လက်ဆောင်လေးကို နူးညံ့တဲ့ အနမ်းလေးပေးပြီး လက်ခံခဲ့ပါတယ်။
နှစ်ယောက်သားကြည်နူးခြင်းများစွာနဲ့ မောင့်မွေးနေ့အခါသမယလေးကို မင်္ဂလာရှိစွာဖြတ်သန်းခဲ့တယ်လေ။



Monday, February 15, 2010

ချစ်သူများနေ့အမှတ်ရ


အပြာရောင်ကောင်းကင်အောက်က
ငြိမ်းချမ်းရေးချိုးငှက်တစ်စုံမဖြစ်နိုင်ရင်တောင်
ပန်းနုရောင်ပွင့်လွှာတွေကြားက
ယုယသိုဝှက်ထားတဲ့ အချစ်ရနံ့လှလှလေးကိုတော့
ကမ္ဘာကြီးမွှေးပျံ့စေဖို့ တစ်စိတ်တစ်ဒေသ
ကူညီနိုင်အောင်
ဒို့နှစ်ရောက် တွဲလက်မြဲမြဲတွဲ
ရင်ခုန်သံတွေ မရပ်သရွေ့
ကဗျာဆန်ဆန် ပျော်ရွှင်ရင်း
ဒီကမ္ဘာပေါ်က နေ့စွဲတွေကို
နှစ်ယောက်အတူဖြတ်သန်းရင်း
ကမ္ဘာကြီးစိမ်းလန်းစေဖို့
ရနံ့သင်းတဲ့ ပန်းလေးတစ်ပွင့်အဖြစ်
အထောက်ပံ့ပေးကြရအောင်လေ....