Friday, December 24, 2010

Merry X'mas & A Happy New Year 2011!


ILBP ကို အလည်လာသူအားလုံးအတွက် ပျော်ရွှင်စရာခရစ္စမတ်နေ့လေးကို ပိုင်ဆိုင်ဖြတ်ကျော်ရင်း နောင် လာမယ့် နှစ်သစ် ၂၀၁၁ မှာလည်း ပျော်ရွှင်စရာနှစ်သစ်လေးအဖြစ် ပိုင်ဆိုင်နိုင်ကြပါစေလို့.... မောင် ဖန်တီးပေးလိုက်တဲ့ ကဒ်လေးနဲ့ ဆုတောင်းလိုက်ပါရစေနော်...

ပျော်ရွှင်ချမ်းမြေ့ကာ ချစ်ခင်သူများနဲ့အတူ ပျော်ရွှင်ဖွယ်နှစ်သစ်ကို ပိုင်ဆိုင်ကြစေဖို့....


With Love,
ILBP

Wednesday, September 15, 2010

ရေခဲမုန့်နဲ့ကော်ဖီ

“မောင်... အမှတ်တရပါပဲ အဲဒီနေ့ အဲဒီအချိန်လေးကို ကျွန်မမေ့မရတာ အသေအချာပေါ့... မောင့်လက်ထဲမှာ ကျွန်မရဲ့ သေးကွေးတဲ့လက်အစုံ တင်းတင်းဆုပ်ထားတာကို ခံနေခဲ့ရတာ...အချိန်အတော်ကြာပေါ့... စဉ်းစားလိုက်တိုင်း ကျွန်မရဲ့လက်တွေ ပြန်ပြီးနွေးနွေးလာတယ်...

မောင့်မျက်ဝန်းတွေက လက်ဖြာနေတဲ့ အရောင်တောက်တောက်တွေက ကျွန်မငယ်ငယ် စိတ်ကစားတတ်စ ဆယ်ကျော်သက်မှာ စာကျက်ရင်း ညဘက် ကောင်းကင်ယံထဲကို မော်ကြည့်လိုက်တိုင်း မြင်ရတတ်တဲ့ သောကြာကြယ်လေးလိုပါပဲနော်... သိပ်ကို တောက်ပပြီး ဖြူစင်နေခဲ့တာလား... ကျွန်မ ဒီလိုပြောရင် မောင်မရယ်ပါနဲ့...

မောင်...တဒင်္ဂဆုံစည်းရမှုရဲ့ အမှတ်တရ စကားလုံးများစွာကို စာရွက်ဖြူဖြူမှာ မင်တံနက်နက်နဲ့လည်း ကျွန်မတို့ သူတလှည့်ကိုယ်တလှည့် ရေးဖြစ်ခဲ့ကြသေးတယ်ဆိုတာ အံ့သြစရာကောင်းခဲ့တာပဲ... တကယ်ပဲနော် အဲဒီအဖြစ်အပျက်တွေဟာ တကယ့်အဖြစ်တွေပဲ... ကျွန်မရော မောင်ရော ဖန်တီးဖြစ်ခဲ့ကြတယ်လေ... ဒီလိုပြောလို့ မောင်က ကျွန်မကို အတိတ်မှာ အချိန်ဖြုန်းသူအဖြစ်နဲ့ ဝေဖန်စရာမဖြစ်စေချင်ဘူး...

မောင်... သိပ်ချစ်ပါတယ် တုန်... နေအောင်ချစ်ပါတယ်ဆိုတဲ့ စကားတန်ဆာမဆင်ဘဲ ပြောခဲ့တဲ့ မောင့်ချစ်စကားက ကျွန်မနားမှာ ပဲ့တင်ထပ်ခဲ့တယ်... အဲဒီစကားလေးဟာ ကျွန်မဘဝတခုကို မောင့်ဘဝတခုနဲ့ ပေါင်းစပ်ဖြစ်စေဖို့ အစပျိုးခဲ့တယ်လေ... သိပ်ချစ်ပါတယ်မောင်ရယ်လို့ တဖွဖွပြောရင်း ကျွန်မကို ဘယ်လောက်ထိချစ်သလဲ ဆိုပြီး အမြဲမေးဖြစ်နေခဲ့တဲ့အပေါ် မောင် ကျွန်မကို စိတ်မပျက်နဲ့...

မောင်... ဆုံစည်းခြင်းအမှတ်တရနေ့လေးမှာ မောင်နဲ့ကျွန်မ ဆိုင်လှလှလေးတဆိုင်မှာ တခဏ စည်းစိမ်ယူဖြစ်ခဲ့ကြသေးတယ်နော်... မောင်က ကာပက်ချီနိုကော်ဖီပူပူတခွက်နဲ့ ကျွန်မက ဂျယ်လီချောကလက်ရေခဲမုန့်တခွက်နဲ့.... ကဲ ဘယ်လောက်များ ထူးဆန်းလိုက်ပါသလဲ... မောင်က အပူသောက်ချိန်မှာ ကျွန်မက အအေး... ဒါပေမယ့် ခရင်မ်ကိတ်လေးတစ်ချပ်ကိုတော့ ကျွန်မနဲ့မောင် တယောက်တလုပ် အတူတူစားဖြစ်ခဲ့တယ်... ဒါပါပဲမောင်... ကျွန်မနဲ့မောင် လျှောက်လှမ်းမယ့် ဘဝမှာ မောင့်လိုအပ်ချက်ဟာ ကျွန်မဖြစ်ရမလို ကျွန်မလိုအပ်ချက်ဟာလည်း မောင်ဖြစ်ရမယ်လေ... ဒါကြောင့် မောင်နဲ့ကျွန်မ အမှတ်တရနေ့မှာ မောင်လိုအပ်နေတဲ့ မောင်မစားဖြစ်တဲ့ အအေးလေးတခွက် ကျွန်မစားဖြစ်ခဲ့သလို ကျွန်မမသောက်ဖြစ်တဲ့ အပူလေးတခွက်နဲ့ မောင် ကျွန်မအတွက် ဖြည့်စွက်ပေးခဲ့တာပဲမဟုတ်လား...

ပျော်ရွှင်ခဲ့... ပျော်ရွှင်ဆဲ... ပျော်ရွှင်မယ် မောင်နဲ့အတူ နောက် သက်ဆုံးတိုင် ဘဝဆက်တိုင်း ဆုံစည်းခွင့်ရခဲ့ရင်ပေါ့... မောင်နဲ့ကျွန်မ တယောက်ရဲ့လိုအပ်ချက် တယောက်က ဖြည့်ဆည်းပေးရင်း... ကူညီပေးရင်းလေ... မွန်းကြပ်လှတဲ့ ဘဝအမောတွေကြားက သေသပ်လှပတဲ့ ဘဝပန်းချီကားလေးတချပ် ဖြစ်အောင် ဖန်တီးကြမယ်လို့.... ကျွန်မရင်ထဲဆန္ဒရှိနေသလို မောင့်ရင်ထဲလည်း ထပ်တူပဲမဟုတ်လား...


သိပ်ချစ်တယ်မောင်... ကျွန်မအတွက် ကျွန်မဘေးမှာ မောင်ဟာ ကျွန်မလက်တွေကို တင်းတင်းဆုပ်ရင်း မာယာများတဲ့ အလှည့်အပြောင်းများတဲ့ ဘဝလမ်းမပေါ် ခပ်မှန်မှန်ဆက်လျှောက်နေတဲ့ ကျွန်မတို့ ခြေလှမ်းလေးတွေ ဘယ်သောအခါမှ မရပ်ကြေး....


(သုံးနှစ်ပြည့်ဆုံစည်းမှုအမှတ်တရ...)