Sunday, December 23, 2012

ထပ်တူ

မျက်ရည်တွေနဲ့ ခံစားချက်ကို ထုတ်မပြနဲ့... အချစ်တွေကို အေးစက်စက်အပြုအမူတွေနဲ့ လှစ်ဟမပြနဲ့.... တချက်လေး စောင့်ကြိုနေတုန်းမှာ... ရင်ထဲက အချစ်အမုန်းအားလုံး ဖွင့်ဟပြထား... ပွင့်လင်းတဲ့ အပြုံးတွေနဲ့ လက်တွေဆန့်တန်းထားပါ.... ငါ မင်းရင်ခွင်ဆီ မဖြစ်ဖြစ်တဲ့နည်းနဲ့ အရောက်လာခဲ့တာပဲ... ဘယ်နေရာ ဘယ်ဆီရောက်ရောက် မင်းထားသွားခဲ့ရင်တောင် နောက်ထပ် ဘယ်အချိန်ဘယ်အခြေနေဖြစ်ဖြစ် ငါ မင်းသာ ရင်ဖွင့်ထားမယ်ဆို အရောက်လာခဲ့မယ်...... ငါယုံထားတယ်.... မင်းလည်း ထပ်တူပဲဆိုတာကိုပေါ့....

The Eyes' Words

မျက်ဝန်းထဲက ပြိုမလိုအရိပ်တွေကို တွေ့ချင်ပေမယ့် အဲဒါ မျက်ရည်တော့မဟုတ်ပါစေနဲ့.... ရင်ထဲက ပြိုကျလာတဲ့ စကားတွေကြားချင်ပေမယ့် အဲဒါ အမုန်းစကားတွေမဟုတ်ပါစေနဲ့.... အဲသလောက်ထိ တောင်းဆိုစရာမလိုပေမယ့် တနေ့တချိန် ခွဲခွာရရင်တောင် ဘယ်သူအရင်ဖြစ်ဖြစ် နောက်ကျန်ခဲ့တဲ့သူကိုတော့ မျက်နှာလွဲခဲပစ် ထားမသွားချင်ဘူး.... ဒါ ထာဝရအတွက် .....

Saturday, December 15, 2012

ရူးတယ်

မြစ်ဆိုပေမယ့် ရေ ခမ်းချင် ခမ်းနိုင်ပါတယ်.... အိုင်ဆိုပေမယ့် စိမ့်ရေတွေနဲ့ အမြဲအေးချမ်းနိုင်ပါတယ်... စိမ့်ရေတွေလို အမြဲတမ်း စိုစွတ်နေစေမယ့် အချစ်သန့်သန့်လေးကိုပဲ လိုချင်ခဲ့ပါတယ်... တကယ်လည်း ပိုင်ဆိုင်ခဲ့တယ်.... အခုထက်ထိ ကိုယ့်ဘ၀လေး ဖြူစင်နေတုန်းပဲ... စိမ့်ရေတွေလို အချစ်သန့်သန့်လေးတွေ အေးချမ်းစွာ ကိုယ့်ကိုပြုစုပေးနေဆဲ.... ဘယ်ထိများ ဘယ်တော့များမှ ခမ်းခြောက်သွားလိမ့်မယ်မထင်ဘူး.... တချို့ပြောနိုင်ပါတယ်... ရူးတယ်လို့... ရူးနိုင်လို့ ရူးတာလို့ပဲ ပြောချင်ပါတယ်... ထင်ရှူးပင်တွေ ချောကလက်တွေ မရှိတဲ့ ခရစ္စမတ်ညပေါင်းများစွာကိုလည်းပိုင်ဆိုင်ထားဖို့ဝန်မလေးဘူး... မွေးနေ့ကိတ်တွေ ရတနာတွေ မရှိတဲ့ မွေးနေ့ပွဲပေါင်းများစွာလည်း ဖြတ်ကျော်ဖို့ ၀န်မလေးဘူး... ဘာကြောင့်လဲ... ကိုယ်ပိုင်ဆိုင်ထားတဲ့ ချစ်စိမ့်ရေကိုပဲ ကိုယ်ကျေနပ်ပြည့်စုံနေလို့ဆိုရင် ရယ်လိုက်ကြပါ... အားမနာပါနဲ့...

Thursday, November 15, 2012

တခါက နိုဝင်ဘာ....

သူ တခါက ကျွန်မနဲ့ပတ်သက်ပြီး သူ စာတစ်ပုဒ်ရေးမယ်လို့ ပြောဖူးတယ်.... အဲဒီတုန်းက ကျွန်မက မဆိုင်းမတွ သူ့ကိုပြန်ပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းရှိခဲ့တယ်.. အဲဒါက.... ' ဒါဆို မောင့်အတွက် ကျွန်မက စာတစ်ပုဒ်လောက်ပဲလား" လို့..... သူကလည်း မဆိုင်းမတွပြန်ဖြေခဲ့တယ်...... "အဲဒီလိုမဟုတ်ပါဘူး မီးလေးမကြိုက်ဘူးဆိုရင် မောင်မရေးဘူး..." ကျွန်မ သူ့အဖြေကို ကျေနပ်သွားခဲ့တယ်.... နောက်ထပ် ကျွန်မ ထပ်ပြောဖြစ်ခဲ့တာက "မောင်ရေးတဲ့ မီးလေးအတွက် စာကိုတော့ မီးလေးတယောက်တည်းပဲ ခံစားချင်တယ်... ဒီလိုလုပ်မယ်လေ... မောင်လည်း မီးလေးအတွက် စာတစ်ပုဒ်ရေးခဲ့ မီးလေးလည်း မောင့်အတွက် စာတစ်ပုဒ်ရေးထားမယ်... ဒီည ဖုန်းချအပြီးမှာ စပြီး အတူတူ ရေးကြမယ်....... မောင်နဲ့မီးလေး ဘယ်လောက် တူသလဲဆိုတာ အတူဆုံရင် စာကို အပြန်အလှန်ဖတ်ပြီး ဆုံးဖြတ်ကြတာပေါ့" လို့လေ... ဒီလိုနဲ့ ကျွန်မတို့ စာတစ်ပုဒ်စီကို အချိန်တချိန်တည်းမှာ တနေရာစီကနေ တပြိုင်တည်း ရေးခဲ့ကြတယ်.... နောက်တကြိမ် ကျွန်မဆီ သူလာတော့ တယောက်က တယောက်ရေးတဲ့စာကို အပြန်အလှန်ဖတ်ဖြစ်ကြတယ်.... ဘယ်လောက်တိုက်ဆိုင်လိုက်သလဲဆိုရင်... ကျွန်မကော သူကော ၂ မျက်နှာထက်မပိုဘူး.... သူကော ကျွန်မကော တယောက်အပေါ်တယောက် ခံစားချက်တွေက အများစု တိုက်ဆိုင်နေတယ်.... ကဲ... ဘယ်လောက်များ ဖူးစာဆိုတာ ယုံကြည်ဖွယ်ကောင်းလိုက်သလဲဆို.... အထူးခြားဆုံးက သူကော ကျွန်မကော စိတ်ခံစားချက်ကို အလွန်အကျွံပွင့်ပွင့်လင်းလင်း သွန်ချပြတတ်တာ.... နက်နက်ရှိုင်းရှိုင်းနဲ့ အလေးအနက်ထားတတ်တာတွေက ထပ်တူကျနေတာလေ..... အရမ်းဝမ်းသာခဲ့ရတယ်... ဒီလို နိုဝင်ဘာရဲ့ တခုသော နေ့ရက်လေးမှာပေါ့... သူနဲ့ ကျွန်မ ကိုယ်ကြိုက်ရာ သီချင်းတွေစုထားတဲ့ ဓာတ်ပြား တယောက်တချပ် လဲခဲ့ကြတယ်.... အဲဒီထဲမှာ သူက ကျွန်မပေးတဲ့သီချင်းတွေထဲက ဖီအိုနားဖန် ရဲ့ မင်းကိုဂုဏ်ယူတဲ့သူ နဲ့ မာရီးယားကာရေး ရဲ့ သူရဲကောင်းဆိုတဲ့ သီချင်းကို ကြိုက်သလို.... ကျွန်မကလည်း သူပေးတဲ့ သီချင်းတွေထဲက ဂျွန်လင်နွန်ရဲ့ စိတ်ကူး နဲ့ သေနတ်နဲ့နှင်းဆီ အဖွဲ့ရဲ့ နိုဝင်ဘာမိုးကို ကြိုက်ခဲ့တယ် (Thiha Maung Maung အတွက် ၂၀၀၈ နိုဝင်ဘာနေ့ရက်များ အမှတ်တရ)

Friday, April 6, 2012

ပိတောက်ချစ်သူ


အဝေးကိုကြည့်လိုက်တော့ချစ်သူ
ရွှေအိုရောင်ပန်းတွေ
အဆုပ်လိုက်အခဲလိုက်ပေါ့......

တစ်နှစ်မှာတစ်ခါသာပွင့်တတ်တဲ့
ပိတောက်သစ္စာကို
အနှိုင်းခံပုဒ်အနေနဲ့လက်စွဲကြတော့
အမုန်းမပါတဲ့မေတ္တာစကားကို
သစ္စာတိုင်အနေနဲ့
ပိတောက်ရဲ့သစ္စာ
ထားမိတဲ့မေတ္တာပန်းကို
စိမ်းလန်းအောင်လဲပျိုးထောင်ကြပေါ့.......

ဒီနှစ်နွေဦးလေရူးနဲ့ဒို့အတူ
ဘဝအမောတွေကြားမှာကဗျာဒီလှိုင်းတံပိုးတွေအဖြစ်နဲ့
ပိတောက်ရနံ့ကိုရှူရှိုက်ရင်း
အတာရေတွေပက်ဖြန်းရင်း
ဒို့နှစ်ယောက်ရဲ့ဌာနေကို စိတ်မှန်းနဲ့ရော်ရမ်း
အတိတ်ဇာတ်ခုံကိုတမ်းတလို့သာ
နှစ်သစ်ကိုကြိုကြတာပေါ့
ပိတောက်ကိုသင်္ကြန်ကိုချစ်တဲ့
ဒို့နှစ်ယောက်အတူတူ
ပိတောက်ချစ်သူတွေအဖြစ်နဲ့ပေါ့....

Thursday, January 12, 2012

ငြိမ်းချမ်းနှစ်သစ် ၂၀၁၂ ဖြစ်ပါစေ...




နှစ်သစ် ၂၀၁၂ မှာ ပျော်ရွှင်စရာအပေါင်း ငြိမ်းချမ်းစွာ ခညောင်းသက်ရောက်ပါစေကြောင်း ဆုတောင်းဆန္ဒပြုပါရစေ...

Saturday, October 29, 2011

နိုဝင်ဘာ အမှတ်တရ

နိုဝင်ဘာမိုး

မောင်ဖန်တီးပေးတဲ့ ကျွန်မအတွက်ချစ်လက်ဆောင်...
 ထီးကလေးတစ်ချောင်းတည်းပါ.... ဒါပေမယ့် မပူဘူး မအေးဘူး.... သူကော ကိုယ်ကော မျှတတဲ့ သဘာဝတစ်ခုကို ထပ်တူညီမျှပိုင်ဆိုင်နေကြရတဲ့အခါ.... ရာသီဥတုဟာ သမမျှတသွား... ဒါဟာ လွန်ခဲ့တဲ့ လေးနှစ်က နိုဝင်ဘာပေါ့...
အဲဒီနိုဝင်ဘာမှာ သူနဲ့ကိုယ် ဆုံမှတ်တစ်ခုရဲ့ အမှတ်တရလမ်းကလေးမှာ လက်တစ်ဖက်စီဆုပ်ကိုင်ရင်း အပြုံးကိုယ်စီနဲ့ ဘဝတွေကို ဖလှယ်ဖို့ ဒူးတိုက်ဆွေးနွေးခဲ့ကြတယ်.... နိုဝင်ဘာမှာပေါ့... အဲဒီနိုဝင်ဘာ... အခုလည်း နိုဝင်ဘာပါပဲ... နိုဝင်ဘာဟာ အပြောင်းအလဲမရှိ ရောက်ရှိလာတော့မယ်.... တခုပဲ.... သဘာဝတရားက အခု နိုဝင်ဘာကို ဗွက်တွေနွံတွေ ထူထဲသိပ်သည်းစွာ လက်ဆောင်အဖြစ်ပေးထားတယ်... ဒါပေမယ့် သူနဲ့ကိုယ် သစ္စာထူတဲ့ မေတ္တာနွံထဲမှာ အချစ်သန့်သန့် ၁၅၀၀က သိပ်သည်းဆအများဆုံးနဲ့ ထပ်တူညီနေဆဲ... ဒါကြောင့် နိုဝင်ဘာဟာ ကိုယ်နဲ့သူ့အတွက် အပြောင်းအလဲမရှိသလို.... အရာအားလုံးအတွက်လည်း ထပ်တူညီတြိဂံတစ်ခုအဖြစ် ဆက်တည်ဆောက်ကြမယ်လို့... သန္နိဌာန်ပြုထားမယ်ဆို.... အားလုံးရဲ့နိုဝင်ဘာဟာ သစ္စာတရားတွေကြောင့် လှပသာယာလာလိမ့်မယ်လို့ စိတ်ကူးတွေလတ်ဆတ်နေဆဲ.... ဟုတ်တယ်.... အရာအားလုံးဟာ မျှော်လင့်နေစရာ ဆုတောင်းနေစရာမလိုလောက်အောင် တူညီတဲ့ ဟန်ချက်ညီမှုတွေ ဟာမိုနီဖြစ်နေမယ်ဆိုရင် အားလုံးဟာ ကမ္ဘာပေါ်မှာ တသွေးတည်းတသားတည်း လှပလတ်ဆတ်နေမှာ အသေအချာ....
သူ..... ကိုယ့်အတွက် နိုဝင်ဘာမှာရွာမယ့်မိုးစိုစိုလို မေတ္တာအပြည့်ခင်းထားတဲ့ တစ်ဖက်ပိတ်လမ်းကလေးထဲမှာ သစ္စာတရားကို ရင်မှာတပ်ရင်းနဲ့ အမှန်တရားကို ဖက်တွယ်ရင်း အမုန်းကို ဟိုးဝေးဝေးမှာ ပိတ်ထားလိုက်တယ်... အမုန်းမရှိတာမဟုတ်ဘူး.... သူနဲ့ကိုယ့်အတွက် အမုန်းမဲ့ဇုန်ထဲမှာ တွေ့ကြရတဲ့ ဟောဒီနိုဝင်ဘာ....

“ချစ်သူသက်တမ်း လေးနှစ်ပြည့် အမှတ်တရ”





Tuesday, October 11, 2011

၁၀-၁၀-၁၁

၁၀-၁၀-၁၁ ကျွန်မမွေးနေ့အတွက် မောင့်ရဲ့လက်ဆောင် ပန်းချီကားလေး

ဒီနေ့ဟာ ကျွန်မရဲ့ မွေးနေ့ ၁၀ရက် ၁၀လ ၂၀၁၁ ပါ။ ၁၀ရက် ၁၀လ ၁၉၈၁ မနက် ၁၀နာရီခွဲမှာ မေမေက ကျွန်မကို လူ့ပြည်ထဲခေါ်ဆောင်ခဲ့တာမို့ အခုဆို အသက်သုံးဆယ်များတောင် လူ့လောကထဲ ကျင်လည်ခဲ့ရပါပြီ။ အခုအချိန်မှာ ကျွန်မဟာ မေမေနဲ့ဝေးတဲ့ တစ်နေရာမှာ ချစ်သူ မောင်နဲ့ အတူ လက်တွဲကာ ဘ၀ခရီးကို ခပ်ကြမ်းကြမ်းလေး လှမ်းနေမိတာမို့ မွေးနေ့လေးမှာတော့ မောင့်ရဲ့ ချစ်သက်လက်ဆောင်နဲ့အတူ ကျွန်မကိုးကွယ်ဆည်းကပ်ရာ မြတ်ဗုဒ္ဓကို ရည်မှန်းကာ သစ်သီးဆွမ်း ပန်း ရေချမ်း ကပ်ရင်း အနာဂတ်အတွက် ဆုမွန်ကောင်းတွေ တောင်းခဲ့ပါတယ်။ အမှတ်တရလေး အဖြစ် မောင့်ဆီက ရခဲ့တဲ့လက်ဆောင်လေးနဲ့ အတူ နောင် နှစ်ပေါင်းများစွာတိုင် အပြာရောင် ငြိမ်သက်ငြိမ်းချမ်းလှပတဲ့ အဆုံးမဲ့ချစ်ခြင်းတွေနဲ့ ကျွန်မတို့ ချစ်ခရီးလမ်း ကို အတူယှဉ်လက်တွဲ ကာ ဖြတ်သန်းနေဖြစ်အုံးမှာ အသေအချာ....


Saturday, August 27, 2011

အချစ် နဲ့ သူရယ် ကိုယ်ရယ်..



ကိုယ်ရင်ခုန်တတ်စအရွယ်ကတော့ ကဗျာတွေစာတွေရေးရင်း စိတ်ကူးယဉ်မိတဲ့အချစ်တွေ ရှိခဲ့ဖူးတာပေါ့။ ဒါကို ကိုယ့်လက်တွေ့ဘ၀ထဲ ဆွဲသွင်းခံစားဖို့ရာမှာတော့ သိပ်ကို စွန့်စားရမယ့် အဖြစ်လို့ တွေးကြောက်နေခဲ့မိ တာလေ။ အချစ်ဆိုတာ အပြန်အလှန်ထပ်တူညီစွာ ခံစားရမှသာ ပိုင်ဆိုင်ခွင့်ရသူအတွက် ကြည်နူးဖွယ် အားတက်ဖွယ်ဖြစ်မယ်လို့လည်း ကိုယ်က မှတ်ချက်ပြုထားတာကိုး။ ဒီလိုနဲ့ ကိုယ်တစစ ကြီးပြင်းရင်း ဘ၀လမ်းပေါ် လှမ်းလျှောက်ရင်းနဲ့ ဖြူစင်တဲ့ဘ၀ကို ဂုဏ်သိက္ခာ ရှိရှိ ဖြတ်သန်းမိတဲ့နောက် ကိုယ့်ဘ၀ရဲ့ ငွေရတု သက်တမ်းကို ကျော်လွန်တဲ့နေ့တစ်နေ့မှာ သူ ဆိုတဲ့ ကိုယ့်ဘ၀အတွက် လက်တွဲဖော်ကို အမှတ်မထင်ဘဲ ဆုံစည်းခဲ့ရတဲ့အခါ… ကိုယ်ဟာ အချစ်ဆိုတဲ့အရာအပေါ် အခုလို အဓိပ္ပါယ်ဖွင့်ဆိုမိတော့တယ်။

ဘယ်အချစ်ဖြစ်ဖြစ် “အချစ်ဆိုတာ သိမ်မွေ့ နူးညံ့တဲ့ အရာတစ်ခု” အဖြစ် ကိုယ်ကိုယ်တိုင် သတ်မှတ်မိ လိုက်တဲ့ အချိန်မှာတော့ ကိုယ်ဟာ သက်တမ်းသုံးနှစ်ရ အိမ်ထောင်ရှင်မတစ်ယောက်ဘ၀ကို ပိုင်ဆိုင်နေခဲ့ပြီဆိုတာ ကြည်နူးစွာ ခံစားမိပြီးသား ဖြစ်နေပြီလေ။

ဒီလိုကာလလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကိုယ့်အတွက် အတိတ်ဆိုတာ အမြဲတမ်းစိမ်းလန်းလျက်ပါပဲ။ သူနဲ့ပတ်သက်တဲ့ အမှတ်တရများစွာကိုလည်း ရင်ထဲ ဦးနှောက်ထဲမှာ နွေးထွေးခိုင်မြဲတဲ့ မှတ်တမ်းအဖြစ် ကိုယ်အမြဲအမှတ်ရနေတာပါ။

အတိတ်ဆိုးဆိုးတွေကင်းခဲ့တဲ့ သူနဲ့ကျွန်မရဲ့ချစ်ခြင်းမှာ တိုက်ဆိုင်တဲ့ခံစားချက်တွေ အပြန်အလှန်နှစ် သိမ့်နွေးထွေးမှုတွေကပဲ နေရာယူနေတာ ပစ္စုပ္ပန်ကာလထိတိုင်ပါပဲ။ ကိုယ့်အချစ်ဟာ သူ့အ တွက် ထာဝရ လိုအပ်နေသလို သူ့အချစ်ဟာလည်း ကိုယ့်အတွက် ထာဝရလိုအပ်နေတာ ကိုယ်တို့နှစ်ယောက်ရဲ့ ထပ်တူကျမှုထဲက အရေးကြီးဆုံးတစ်ခုလို့ ကိုယ်ခံစားမိတယ်လေ။

အမြဲတမ်း ဖန်တီးမှုအသစ်အသစ်တွေအတွက် ဦးနှောက်စားနေရတဲ့သူ့အနားမှာ တွတ်တီးတွတ်တာနဲ့ ရှုပ်ယှက်ခတ်နေတတ်တဲ့ ကိုယ့်ကို သူ ဘယ်တုန်းကမှ ငြိုငြင်ဟန်မပြခဲ့ပါဘူး။ အထူးသဖြင့် သူဖန်တီးနေတဲ့ အနုပညာလက်ရာတိုင်းကို ကိုယ်က အဦးဆုံးခံစားခွင့်ရတတ်တာကိုလည်း ကိုယ်က ကြည်နူးနေရတာပါ။ သူဟာ အနုပညာသမားပီပီ အချိန်တိုင်း ဖန်တီးမှုတွေအတွက် ရင်ထဲဦးနှောက်ထဲမှာ အမြဲတမ်းလှုပ်ရှားနေရတတ်တာမို့ သူ့ဘေးမှာ ကိုယ်ရှိနေတာကို တစ်ခါတစ်ခါ မေ့လျော့နေတယ်လို့ ကိုယ်က အလိုမကျစွာ ခံစားမိတတ်တဲ့အခါ တိုင်း အခုလို ကိုယ်က စကားတွတ်ထိုးတတ်ပါတယ်။

“ မောင်…. မီးလေးကို ချစ်လားဟင်”
မျက်လုံးကလေးပင့်ပြီး သူ့ပုခုံးပေါ်မှီနွဲ့ရင်း မေးလိုက်တဲ့အခါ သူက….

“ချစ်တာပေါ့” လို့ အစဉ်ပြန်ဖြေလေ့ရှိတယ်လေ။

တစ်ခါတလေတော့ ကိုယ်က ဒီအဖြေလေးလောက်နဲ့ မကျေနပ်နိုင်သေးဘဲ သူ့ကို အမျိုးမျိုး မူနွဲ့စိတ်ကောက်ပြတဲ့အခါတိုင်း သူက ကပျာကသီနဲ့ ကိုယ့်စိတ်ကို အစွမ်းကုန်နှစ်သိမ့်တဲ့အနေနဲ့ သူ့ခံစားချက်တွေကို စကားလုံးအဖြစ်နဲ့ သွန်ချပြတတ်ပါသေးတယ်။ ဒီလိုအခါမှာတော့ ကိုယ်ကသူ့ ကို ကျေနပ်ပျော်ရွှင်တဲ့ အပြုံးလေးနဲ့ တုံ့ပြန်တတ်တယ်။ ဒါဆို သူကလည်း အပြုံးတစ်ခု ကိုယ့်ကို တုံ့ပြန်နေတာ ပါပဲ။

အိမ်ထောင်ရှင်တွေတိုင်း မဖြစ်မနေကြုံတွေ့ခံစားရတဲ့ ဘ၀အမောတွေ ခံစားချက်တွေ နားလည်မှုလွဲတာတွေ ကတော့ ကိုယ်တို့ကြားမှာလည်း အများနည်းတူ ရှိတာပါပဲ။

ဒါပေမယ့် ကိုယ်ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အိမ်ထောင်ရှင်ဘ၀မှာတော့ သူဟာ ပေါက်ကွဲလွယ် ဒေါသထွက်လွယ်ပြီး ဇနီးမယားကို အလုပ်ကပြန်လာတိုင်း အားလပ်ချိန်တိုင်း ယမကာလေးတမြမြနဲ့ အပြစ်ရှာတတ် ယစ်တတ်သူမဟုတ်တဲ့အပြင် တခြားဇယားလည်းမရှိတာမို့ သူ့ရဲ့အားလပ်ချိန်အားလုံးကို ကိုယ်က အပိုင်စားရထားတာဟာလည်း ကိုယ်ဂုဏ်ယူမိတဲ့အချက်တစ်ခုပါပဲ။ ကိုယ့်အနား သူရှိနေတဲ့အချိန်တိုင်း သူ့ရဲ့ကိုယ်သင်းနံ့သင်းသင်းထဲမှာ ဘာအရောအနှောမှမပါဘဲ သဘာဝကိုယ်သင်းနံ့လေးကိုပဲ ကိုယ်က ထာဝစဉ်ရှူရှိုက်ခွင့် ရခဲ့တာလေ။

ဒီလိုဖြောင့်ဖြူးနေတဲ့ အိမ်ထောင်ရေးကာလလေးကို ကိုယ်တို့နှစ်ယောက် ထာဝရသက်ဆုံးတိုင်ဖြတ်သန်းဖို့ရာ ယုံကြည်မျှော်လင့်ထားတာချင်းလည်း ကိုယ်ရောသူပါ အတူတူပါပဲ။ ကိုယ်ပိုင်ဆိုင်တဲ့ ဘ၀အဖော်ဖြစ်တဲ့ သူ့ရဲ့ ဘ၀ကို ကိုယ်က နားလည်နှစ်သိမ့်မှုအပြည့်အ၀ပေးရင်း ကိုယ့်ကိုလည်း သူက အပြန်အလှန်ထပ်တူကျတဲ့ နားလည်မှုပေးဆပ်မှုများစွာနဲ့ အပြန်အလှန်ဖေးမကူညီရင်း ဘ၀ရဲ့တိုးတိုးဖော်အဖြစ် သက်ဆုံးတိုင်ဖြတ်သန်း မယ်ဆိုတဲ့ အသိတွေရှိနေတာ ကိုယ်ရော သူပါ အပြန်အလှန်ခံစားသိရှိနေကြတာ အဆန်းတကြယ်ဖြစ်ရပ်တခု အဖြစ် ကိုယ်က ကြည်နူးနေမိတာလေ။

ဒီသုံးနှစ်တာကာလမှာ ကိုယ်နဲ့သူ့အကြား အပြန်အလှန်ခံစားနားလည်ပေးဆပ်မှုတွေအပြင် ဘ၀ရဲ့စိန်ခေါ်မှုတွေ ကိုလည်း သူက ပန်းချီကားတစ်ချပ်ပမာ ကိုယ်က ကဗျာတစ်ပုဒ်ပမာ လှပတဲ့ရေးခြယ်မှုတွေနဲ့ ပုံဖော်ဖြစ်နေကြ တာလေ။

တစ်ရံတခါ ကျဉ်းကြပ်တဲ့စိတ်အနှောင့်အယှက်များစွာကိုလည်း ကိုယ်က သူ့ကို ပွင့်လင်းစွာပေါက်ကွဲဖြစ်တိုင်း သူ့ဘက်က ဂရုတစိုက် နှစ်သိမ့်ဖြေရှင်းတတ်တဲ့ စရိုက်ကလည်း ကိုယ့်အတွက် သူ့အပေါ်အချစ်တွေ တိုးတိုးလာစေအောင် ဆွဲဆောင်တတ်တယ်လေ။ အဓိကကတော့ ကိုယ်နဲ့သူရဲ့ ဘ၀အတွက် လိုအပ်ချက်တွေဟာ အပြန်အလှန်ထပ်တူကျနေတုန်းဆိုတာ အသေချာပါပဲ။

ဘယ်လောက်ပဲ ကိုယ့်ဘက်က ပေးဆပ်ချင်နေပေမယ့် ခံစားရယူလိုသူက အဆင်သင့်မဖြစ်ဘူးဆိုရင်တော့ ဒီခံစားချက်က အချစ်လို့ခေါ်ဆိုထိုက်တယ်လို့တော့ ကိုယ်မယူဆပါဘူး။ ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာ ဘယ်လိုပုံသဏ္ဍာန်ပဲဖြစ်ဖြစ် ခံစားရယူလိုသူဘက်က အဆင်သင့်စွာ လက်ခံခံစားနိုင်တဲ့အပြင် ထပ်တူကျတဲ့အချစ်တွေကိုလည်း ပြန်လည်ပေးဆပ်မှုရှိပါမှ အချစ်မည်မယ်လို့ ကိုယ်ယူဆထားလို့ပါပဲ။

ဒါကြောင့် ကိုယ့်ရဲ့အချစ်တွေကို သူက အဆင်သင့်စွာ လိုလိုလားလားရယူခံစားနေတဲ့အပြင် သူကလည်း ကိုယ့်အတွက် ထပ်တူကျတဲ့အချစ်တွေ ပြန်လည်ပေးဆပ်နေတဲ့အချိန်တိုင်းမှာ အချစ်ရယ် သူရယ် ကိုယ်ရယ် ဟာ ဘယ်တော့မှ ဝေးကွာသွားတော့မှာ မဟုတ်ဘူးဆိုတာကို ခံစားသိရှိလိုက်ချိန်မှာ ကိုယ်ဟာ သူ့ရဲ့လက်ကို ဆုပ်ကိုင်ပြီး ရှေ့လမ်းခရီးအတွက် အားအင်တွေဖြစ်ဖို့ သိမ်မွေ့နူးညံ့လွန်းလှတဲ့ ကိုယ်တို့အချစ်တွေ ပိုမိုရှင်သန် လာအောင် လာမယ့်ကိုယ်တို့အမှတ်တရနေ့လေးမှာ ကဗျာဆန်တဲ့ဖန်တီးမှုလေးတွေနဲ့ အပြန် အလှန်နွေးထွေး စွာ နားလည်မှုနဲ့ နှစ်သိမ့်မှုရေစင်တွေ သွန်းလောင်းမယ်လို့ စိတ်ကူးရည်ရွယ်ရင်း….. ကမ္ဘာပေါ်က အချစ်နဲ့နေထိုင်သူ လူသားတိုင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းလေးတောင်း လိုက်မိ ပါတော့တယ်…..

ချစ်ခြင်းအမှတ်တရ….



Friday, July 8, 2011

အပြင်


မိုးပြာပြာ ကန္တာရထဲ
ပင်လယ်ဖျံတကောင်
ငါးရှာနေတယ်....

ငွေစန္ဒာ ငပုပ်ဖမ်းတော့
နက်နက်နဲနဲ အမှောင်က
တလောကလုံးမှာ တောက်ပလာ....

ရင်မှာနန္ထိ
ဗလာအတိပြီးတဲ့ ရွှေအိုရောင်
ပလက်တီနမ်အိပ်မက်တွေလည်း

စိန်စီထားတဲ့ ရတီကိုက်
အိပ်ဖန်ဆောင်မှာ
နေ့ကဗျာကို
အတ္တခံစား ကလောင်လေးတလက်နဲ့
အရောင်အသွေးက မဖက်တဖက်....

သူသူ ငါငါ
နွေးထွေးနေတဲ့ အာယုတွေတိုင်းဆီမှာ
အနန္တတွေ အမှောင်ဖုံး
အမှားပါတဲ့
တဏှာတွေနဲ့
ခပ်ယှက်ယှက် ပြုံးလိုက်တော့
သိက္ခာဆိုတာ
ဟိုး စင်္ကြာဝဠာရဲ့ အဝေးမှာ
အလင်းနှစ် သန်းတစ်ရာတိုင်း
အနမ်းကမ္ဘာတွေ
ဆင့်ကာဆင့်ကာဖြစ်မယ်ဆိုရင်
နင်နဲ့ငါဟာ
အဲဒီကမ္ဘာရဲ့အပြင်....