Wednesday, December 31, 2008


2008rememberance



အိပ်မက်တွေ ပျော်ရွှင်မှုတွေ ငွေကြေးဓနဥစ္စာတွေ စည်းစိမ်ချမ်းသာတွေ
ဒုက္ခတွေ မုန်တိုင်းတွေ ကြေကွဲမှုတွေ ကောင်းကင်ပြာတွေ လတ်ဆတ်သစ်လွင်မှုတွေ
ချိုမြရှတတဲ့ရသတွေနဲ့ စီးနင်းခဲ့တဲ့ ၂၀၀၈ ယာဉ်ရထားကို မကြာခင် နာရီပိုင်းအတွင်း
ကျွန်တော်တို့ စွန့်ခွာလို့ ၂၀၀၉ နံပါတ်ရထားသစ်နဲ့ ခရီးအသစ်ထွက်မယ်။ ကျိန်စာ
မိထားတဲ့ အတိတ်ဆိုးတွေအားလုံး အဲဒီရထားဟောင်းပေါ်မှာပဲ ကျန်ခဲ့ပါစေလို့
အကြိမ်ကြိမ်အခါခါ ဆုတောင်းမိတယ်။

၂၀၀၉ ဟာ လှပသစ်လွင်စွာနဲ့ ကျွန်တော်တို့ကိုကြိုဆိုနေမယ်လို့မျှော်လင့်တယ်။
အထူးသဖြင့် ကျွန်တော်တို့ ၂ ဦးကိုပေါ့။ ပြန်မတွေးချင်တဲ့ ၂၀၀၈ ရထားပေါ်က
ဒုက္ခနဲ့ သုခတွေအတွက် ရင်ခုန်ရတဲ့ အဖြစ်အပျက်တချို့ကိုတော့သတိရနေမိပါရဲ့။
ချစ်သူက တောင်ပေါ်လမ်းပေါ်ကနေ ခရီးထွက်ခွာလာချိန်မှာ ကျွန်တော်က ရင်ခုန်
စွာနဲ့ နေရာတနေရာကနေ စောင့်နေခဲ့တယ်။ စိုးရိမ်ပူပန်မှုနဲ့ ပျော်ရွှင်မှုကို ရောမွှေ
သောက်ရတဲ့ ၀ိုင်တခွက်ရဲ့ ယစ်မူးမှုပြင်းအားက ဘယ်လောက်အတိုင်းအဆရှိနေ
မယ်ဆိုတာ ခင်ဗျားလည်းမသိနိုင်ဘူး။ ကျွန်တော်ကတော့ အဲဒီယစ်မူးနေရတဲ့
ရသကို စက္ကန့်တံတွေ နင်းခြေမှုဝေဒနာနဲ့ အတူ သြဂတ်စ်လရဲ့ ရှားရှားပါးပါး
နေရောင်ခြည်အောက်မှာ ခံစားလို့လေ ။ ကျွန်တော့် ချစ်သူကို ကျွန်တော်
မြင်လိုက်မှပဲ ခုနက ဝေဒနာတွေက ပျောက်ကွယ်သွားတော့တယ်။

အဲ …
ခုနကသောက်နေတဲ့ ၀ိုင်ခွက်ထဲက စိုးရိမ်ပူပန်ခြင်းဆိုတဲ့ဓာတုဗေဒပစ္စည်းတခု
ကတော့ ကျွန်တော့် ချစ်သူလည်းလာရော ထူးထူးဆန်းဆန်းပျောက်ကွယ်သွား
တော့တယ်။ ချစ်ခြင်းရဲ့ ရသတွေဟာ ရွှေကျင်နေသလိုပဲ အမှိုက်တွေ ဗြုံးတွေကို
စိတ်ရှည်ရှည်နဲ့ ကျင်ယူရတယ်။ နောက်ဆုံးမှာတော့ သန့်စင်တဲ့ ရာနှုန်းပြည့်
ရွှေစင်ရွှေစတွေလိုပဲ အဓိပ္ပာယ်ပြည့်ဝတဲ့ ချစ်ခြင်းတွေကို ရရှိမယ်လေ။
ကျွန်တော့်ချစ်သူက နားလည်မှုတွေပြည့်ဝတယ်။ ဒါပေမယ့် ကလေးဆန်တယ်။

အဲဒီကလေးဆန်ခြင်းကိုမှ ကျွန်တော်က ချစ်မိနေတယ်။ ကလေးဆန်ခြင်း
တိုင်းကတော့ချစ်ခြင်းတွေဖြစ်မလာခဲ့ဘူး။ ကျွန်တော့်ချစ်သူ ကလေးဆန်
ခြင်းကသာ ကျွန်တော့်အတွက် ချစ်ခြင်းတွေကို သယ်ဆောင်လာခဲ့တာပါ။

အဲဒီလိုနဲ့ ၂၀၀၈ ရထားကို အရှိန်မြှင့် လောင်စာပြင်းအားတွေတင်ရင်းနဲ့
ကျွန်တော်တို့ ၂ဦးအနမ်းပန်းတွေနဲ့ ဖူးပွင့်ဝေဆာစေခဲ့။ ကျွန်တော်ချစ်သူ
သိပ်မကြိုက်တဲ့ ကောင်းကင်ပြင်ကြီးကို ကျွန်တော်တို့ ၂ ဦးရဲ့ ချစ်ခြင်း
တွေနဲ့ပြာလွင်စေခဲ့။ နိုဝင်ဘာလမှာ ခရီးတိုတခုထွက်ခဲ့တယ်။ အေးမြတဲ့
နိုဝင်ဘာမိုးရေတွေအောက်မှာကျွန်တော့်ချစ်သူရဲ့အပြုံးတွေကို ကြည့်ရတာ
လောက်ကောင်းတဲ့အရသာမရှိဘူး။

ကျွန်တော့်ချစ်သူက စိတ်ကောက်တတ်တယ်။ ဒါပေမယ့် ကျွန်တော်
ကလည်းချော့တတ်တယ်။
ကျွန်တော့်ချစ်သူက ချစ်ခြင်းစကားတွေကိုသာသီးသန့်နားဆင်လိုတယ်။
ကျွန်တော်က ဘ၀တွေပါနေတဲ့ချစ်ခြင်းတရားတွေကိုပြောတယ်။
ဒါပေမယ့် ကျွန်တော့်ချစ်သူကနားလည်မှုပြည့်ဝအောင်ကြိုးစားတယ်။
ကျွန်တော်ကလည်း ဘ၀ကို တဖြည်းဖြည်းထုတ်ပြီး ချစ်ခြင်းတွေနဲ့အတူ
ပျော်ဝင်တယ်။ ကျွန်တော်တို့ ၂ ယောက် တခါတလေရန်ဖြစ်တတ်တယ်။
ဒါပေမယ့် ကျွန်တော်တို့ပျော်ရွှင်ခြင်းတွေရှိတဲ့ အနာဂတ်ဆီကိုပဲ ဦးတည်
ထားတယ်။ ဒါကလည်း ၂၀၀၈ ရထားရဲ့ လမ်းချော်တိမ်းစောင်းမှုတွေကြောင့်
ရိုက်ခတ်ရတဲ့ ခဏတာတွေလို့ပဲ အောက်မေ့မိတယ်။ မနက်ဖြန်ဆိုရင်
ကျွန်တော်တို့ နှစ်သစ် နေ့သစ် ခရီးလမ်းသစ်တွေနဲ့ ခရီးတွေဆက်ရဦးမယ်။

ဘ၀မှာ ကျိန်စာမိနေခြင်းတွေရှိတယ်။ ခါးသက်တဲ့နေ့ရက်တွေလည်းကြုံရမယ်။
ဒါပေမယ့် ချစ်သူရဲ့ လှပတဲ့အပြုံးတွေကြောင့်မုန်တိုင်းတွေကနေ ဖြတ်ကျော်နိုင်
ခဲ့တယ်။ နောင်လည်း ကျော်ဖြတ်နိုင်ဦးမယ်။နှစ်သစ်ကူးတဲ့ အချိန်လေးမှာတော့
ကျွန်တော့ချစ်သူကို ငြိမ်းချမ်းတဲ့ အနမ်းပွင့်တွေချွေရင်း ကိုယ့်ဝန်းကျင် ကိုယ့်
ကမ္ဘာကြီးအတွက် ဆုမွန်ကောင်းတွေတောင်းပေးဖို့ လှပတဲ့ အစီအစဉ်တခုအဖြစ်
ကျွန်တော် စီစဉ်ထားလိုက်တယ်။

ဘ၀တိုင်းမှာ ဒုက္ခဆိုတဲ့ ကပ်ပါးတွေရှိတယ်။ပျော်ရွှင်ခြင်း ချစ်ခြင်း ငြိမ်းချမ်းခြင်း
တွေနဲ့ သန့်စင်ပစ်ရမယ်။ အားလုံးလည်း နှစ်သစ်မှာ ငြိမ်းချမ်းပျော်ရွှင်ပါစေ …



Saturday, December 27, 2008

နှင်း

အသက်ဆိုတာ
မသေခင်စပ်ကြား
ပိုင်ဆိုင်ခွင့်ရတဲ့ ဘဝလေးတစ်ခု.....
အချစ်ဆိုတာ
အဲဒီဘဝလေးကိုဖန်တီးပေးတဲ့
နူးညံ့သိမ်မွေ့တဲ့အရာ.....
အကြင်နာကို မျက်ဝန်းတစ်စုံကနေ
ဘဝတစ်ခုလုံးပိုင်ဆိုင်ခွင့်ပေးမိတဲ့အခါ
အချစ် နဲ့ အသက် ကို အဲဒီအကြင်နာက
ထာဝရပိုင်ဆိုင်စေဖို့
နားလည်မှုတစ်ခုနဲ့သာ....
အစဉ်တည်တံ့စေတော့တာပါ..........
ဘယ်အရာကထာဝရဟန့်တားနိုင်မလဲ
မသိဘူးလို့မငြင်းပါဘူး
အမုန်းဆိုတဲ့အာဃာတတစုံတရာကတော့
အကြင်နာကို ပုံအပ်လိုက်မိတဲ့အရာအားလုံးကို
ထာဝရပြိုကွဲစေမှာလေ.........
ချစ်သူကို အပ်နှင်းမိတဲ့
အသက်နဲ့ထပ်တူချစ်မိတဲ့အကြင်နာကို
ထာဝရ နှင်းနဲ့အတူ
အေးမြစေချင်တာ
ငြိမ်းချမ်းသောရင်ခွင်ငယ်ကပါနော်.....................
.

Monday, December 22, 2008

ခံစားရက်သူ

တနေ့ထက်တနေ့
သူအပြုံးအစဉ်ကြုံရမှ
နွေးထွေးမိစိတ်အစဉ်ကို
သိမ်းကျုံးယူ
သူတယ်သိရဲ့လား
အကြင်နာချစ်စကား
တစာစာကြားချင်လို့
မေးရတယ်မကြာမကြာကို
စိတ်ညိုငြင် မလွှဲလိုက်နဲ့အဝေးကို
အကြည့်တွေတဆုံးမှာ ကိုယ်ပဲရှိချင်တယ်
အချစ်ရဲ့တဆုံးမှာ အပြုံးတွေပဲရှိစေချင်တာ
ထာဝရသူသိနေမလား...

Tuesday, November 4, 2008

ပြောခဲ့ပါ

သူစိမ်းမယ်ဆိုလဲ
ထားသွားမယ့်တစ်နေ့
အချိန်အတိကျလေး
ပြောခဲ့ပါ။
ပြန်ချစ်ဖို့ချန်ရစ်ခဲ့ရင်လဲ
မဟန်တဲ့ဒီအဖြစ်တွေကို
မထိန်ချန်ပဲ ပွင့်လင်းမှုတစ်ခုအနေနဲ့
ပြောခဲ့ပါ။
အဖြစ်မဆိုး ကဗျာပျိုးမယ့်
အက်ဆစ်မိုးတွေသွန်းတဲ့နေ့
အကာမရှိတဲ့ ရင်ခွင်ကို
မေတ္တာစကားလေးတော့
ပြောခဲ့ပါ။
.