Sunday, September 28, 2008
အမှတ်တမဲ့စကားလုံးလေးများ
ခံစားရတာများရှိတဲ့အခါ မွန်းကြပ်တာတွေကို....
မေ့လိုက်တာအကောင်းဆုံးပါပဲ။
နူးညံ့သိမ်မွေ့တဲ့ရင်ခုန်နှုန်းတွေကို မှတ်မှတ်ရရတမ်းတနေဆဲမှာဆိုရင်........
အကောင်းဆုံးသောအသက်ရှင်မှုဘ၀တခုပေါ့။
အကြင်နာစကားလုံးလေးများထွက်ကျလာမလားလို့မျှော်လင့်နေတာများသိရင်....
အချိန်တိုင်း စက္ကန့်တိုင်းမှာရှိတယ် ကဗျာမဆန်ခြင်းလို့ထင်ထားခြင်းတခုဟာ အကောင်းဆုံးကဗျာဆန်မှုတခုဖြစ်နေပြန်ရော။
တသက်တာခံစားချက်အားလုံးကို အပိုင်စားပေးထားတာကို နားလည်ပေးထားတယ်ဆိုရင်....
နားလည်ထားခြင်းဆိုတဲ့ဘာသာဗေဒဟာ အပြန်အလှန်ငြင်းခုန်ဖို့အတွက် နေရာတွေ အချိန်တွေ ပေးမထားလေဘူး။
သဘာဝတရားရဲ့ တုံ့ပြန်မှုတွေက နည်းနည်းလေး ဆိုးရွားလာတဲ့အခါ....
သဘာဝတရားကြီးကိုက အကောင်းနဲ့အဆိုး ချီးမြှင့်ထားလေတော့ ညှိနှိုင်းနားလည်ခြင်းကသာ အောင်မြင်စွာနဲ့ကျော်လွှားနိုင်ပေလိမ့်မယ်။
မိုးပေါ်က တိမ်သားပမာ တလွင့်လွင့်မျောတတ်တဲ့ ဘဝတစ်ခုက အခြေအနေမပေးသေးတဲ့အခါ.....
အားလုံးသောလူသားတွေက ဘာမှမတည်မြဲကြပါဘူး၊ တိမ်စိုင်တွေပေါ်မှာ ငြိမ်းချမ်းခြင်းတွေသာ တည်ဆောက်ရအောင်။
တိမ်စိုင်တွေနဲ့တူတဲ့ ငြိမ်းချမ်းသောဘဝအခြေအနေကနေ မိုးသားအေးအေးလေးရွာသွန်းခွင့်ရမယ်ဆိုရင်.....
လှပတဲ့ မြေကမ္ဘာပေါ်မှာ စိမ်းလန်းခြင်းတွေထပ်ပြီး မွေးဖွားကြရုံပေါ့။
သာယာငြိမ်းချမ်းမှုကို မျှော်လင့်ဖန်တီးကြမယ် ဆိုတော့.............
အားလုံးက ငြိမ်းချမ်းခြင်းကိုတောင့်တကြတာပါ။ တို့ (၂) ဦးငြိမ်းချမ်းခြင်းဟာ ကမ္ဘာကြီး ငြိမ်းချမ်းခြင်းပဲပေါ့။
"Words" is Created by Ni Ni Win & "Words" is Created by Thiha Maung Maung
Sunday, September 21, 2008
ချစ်မိတဲ့ တနင်္ဂနွေ
အထီးကျန်နေ့ရက်များစွာနောက်မှာ
ခိုင်မာတဲ့ တည်တံ့မှုမရှိနိုင်တဲ့နောက်
သံစဉ်မဲ့တေးသွားများ အဓိပ္ပါယ်ရှိရှိဖန်တီးခွင့်ကို
ရနံ့သစ်တည်ရာ ကိုယ်မျှော်လင့်တဲ့နယ်မြေမှာ
ခြေချတေးသီကာ
သံစဉ်ကောက်ကြောင်း တေးသွားများစွာနဲ့
နူးညံ့နေတာ
အစပြုခဲ့ ချစ်မိတဲ့ဒီတနင်္ဂနွေမှာ...

Thursday, September 11, 2008
အခါမဲ့ လွှမ်းမိုးခြင်း
ရာသီစက်ဝန်း
နာရီစက်သံ
နေ့ ည မမြဲ
မတည်သောပြောင်းလဲခြင်းနောက်
တကောက်ကောက်မလိုက်သော ဥာဉ်.....။
ဆန့်ကျင်ရာ လမ်း
မဖြေသာ ပြေရာပြောမှ
မကြင်နာ မညှာတာတဲ့
ခင်တွယ်ရာ တည်ငြိမ်ခြင်းလေးက
မမှောင့်တောင် မပျောက်ဖို့ လိုမယ့် အစဉ်.....။
ပန်းနဲ့ဝတ်ရည်
ရေကန်နဲ့ကြာ
တွဲမြဲ မခွဲအစဉ်မို့
မိုး နွေ ဆောင်း ပြောင်းစေ
ထာဝရ ရင်မှာ ရာဇပုလ္လင်အရိုက်အရာ က ကိုယ့်ဘဝပိုင်ရှင်.......။
.

Tuesday, September 9, 2008
Friday, September 5, 2008
ချစ်ခြင်းတရားနဲ့ စစ်
ချစ်ခြင်းတွေ အပြည့်အ၀ဖြည့်စွမ်းပေးနေတဲ့ ဟောဒီ အပြာရောင် ဂြိုဟ်ကမ္ဘာကြီးပေါ်မှာမှ
စစ်မက်အပူမီးတွေ လောင်မြိုက်နေရတဲ့အတွက် ကျွန်တော်တို့စိတ်မကောင်းပါဘူး။
ဝဋ်ကြွေးအဟောင်းတွေဆပ်ပြီး ၀ဋ်ကြွေးအသစ်တွေ ယူနေကြတဲ့ သံသရာတွေကြားမှ
ချစ်ခြင်းတရားသက်သက်နဲ့ အသက်ရှင်သန် နေလိုသူတွေဟာ တဖြုတ်ဖြုတ်နဲ့ သေဆုံးနေကြရ . . .
ဘ၀မှာ သောက်ရေသန့်သန့်တခွက်၊ ချစ်သူဆီက အေးမြတဲ့အနမ်းပွင့်တွေနဲ့ သစ်ရိပ်အေးမြမြ . . .
ကျွန်တော်တောင့်တမိခဲ့သလို အိုမာခရမ်လည်း တောင့်တခဲ့ဖူးပါတယ်။ ကျွန်တော်တို့မှာ မပြည့်စုံခြင်းတွေနဲ့
မတည်မြဲခြင်းတွေကို ခါးသီးစွာနဲ့ ဆုပ်ကိုင်လို့ထားတယ်။ အဲဒီအခိုက် အဲဒီပမာဏ
မြူတမှုန်စာ အကွာအဝေး အချိန်ခဏလေးအတွင်းမှာဖြင့် ချစ်ခြင်းတွေနဲ့ ငြိမ်းချမ်းစွာ နေလိုလှပါတယ်။
အိပ်ရာနိုးစ ချစ်သူရဲ့ အပြစ်ကင်းတဲ့ မျက်ဝန်းလေးကိုကြည့်နေရတာကိုက နိဗ္ဗာန်ဘုံတမျှပါပဲ။
ကျွန်တော် တနေ့ခင်းလုံး လောင်မြိုက်ပစ်မယ့် စွမ်းအင်ဒြပ်ထုတွေအတွက် မနက်ခင်း ချစ်သူဆီက
အနမ်းပွင့်တွေနဲ့ နှုတ်ဆက်ခြင်း ဆီကပဲယူခဲ့ပါတယ်။ ဘ၀မှာ ချစ်နေလို့လည်းမပြီးဘူးလို့ သူငယ်ချင်းတွေက
ပြောပါတယ်။ ဘ၀မှာ ချစ်နေဖို့ပဲ လိုအပ်ကြောင်း ကျွန်တော်က ပြောပါတယ်။ ချစ်ခြင်းကင်းမဲ့နေရင်
Ozzy Osbourne ဖြစ်မလာပါဘူး၊ Andy Warhol ဖြစ်မလာပါဘူး၊ Tonny Iommi ဖြစ်မလာပါဘူး၊
John F Kennedy ဖြစ်မလာပါဘူး။ အိုက်စင်ဟောင်းဝါးဟာ ချစ်ခြင်းတွေသာမရှိခဲ့ရင် ဟစ်တလာလိုပဲ
ဇာတ်သိမ်းမှာပါ။ ဂျွန်လင်နွန်က ယိုကိုအိုနိုကိုချစ်တယ်။ Imagine သီချင်းလေးဖြစ်လာခဲ့တယ်။
မတ်ဆုတဆုအိုယားမားက သူ့ရဲ့ ဘုရားပေးထားတဲ့ လက်သီးတွေကိုချစ်တယ်။ ဘီလ်ဂိတ်က
Microsoft Window ကိုချစ်တယ်။ ကျွန်တော်က ကျွန်တော့်ချစ်သူကို ချစ်တယ်။
ကျွန်တော်တို့ ဂြိုဟ်ကမ္ဘာကြီးက အင်မတန်မှ သာယာလှပပါတယ်။ အဲဒီသာယာလှပမှုကြောင့်ပဲ
စစ်မက်တွေလောင်မြိုက်ခဲ့ရ။ အဲဒီစစ်မီးတွေက ဗုဒ္ဓတရားတော်အရ ၀ဋ်ကြွေးတွေကို ပေးဆပ်နေရခြင်းတခုပါပဲ။
စစ်မက်တွေကြောင့် ဒုက္ခရောက်နေကြသူတွေထဲမှာ ချစ်တဲ့သူနဲ့ ကွေကွင်းရတဲ့ ဒုက္ခတရားကို စာနာ
နားလည်မိပါတယ်။ ဒါပေမယ့် သံသရာဟာ စက်ဝိုင်းတခုပါ။ တနေရာထဲမှာ ရပ်မနေပါဘူး။
အမုန်းတရား မုန်တိုင်းတွေ ပြီးရင် ချစ်ခြင်းတွေနဲ့ ပြာလွင်တောက်ပနေတဲ့ ကောင်းကင်ကြီးကို
တွေ့ရလိမ့်မယ်။ ချစ်ခြင်းတရားရဲ့ ငြိမ်းချမ်းအေးမြတဲ့ ခွန်အားတွေ ကမ္ဘာမှာများလာရင်တော့ စစ်မီးတွေ
ငြိမ်းသွားစေမှာ အမှန်ပါ ...။
...

Subscribe to:
Posts (Atom)