Friday, September 5, 2008

ချစ်ခြင်းတရားနဲ့ စစ်

ချစ်ခြင်းတွေ အပြည့်အ၀ဖြည့်စွမ်းပေးနေတဲ့ ဟောဒီ အပြာရောင် ဂြိုဟ်ကမ္ဘာကြီးပေါ်မှာမှ
စစ်မက်အပူမီးတွေ လောင်မြိုက်နေရတဲ့အတွက် ကျွန်တော်တို့စိတ်မကောင်းပါဘူး။
ဝဋ်ကြွေးအဟောင်းတွေဆပ်ပြီး ၀ဋ်ကြွေးအသစ်တွေ ယူနေကြတဲ့ သံသရာတွေကြားမှ
ချစ်ခြင်းတရားသက်သက်နဲ့ အသက်ရှင်သန် နေလိုသူတွေဟာ တဖြုတ်ဖြုတ်နဲ့ သေဆုံးနေကြရ . . .
ဘ၀မှာ သောက်ရေသန့်သန့်တခွက်၊ ချစ်သူဆီက အေးမြတဲ့အနမ်းပွင့်တွေနဲ့ သစ်ရိပ်အေးမြမြ . . .
ကျွန်တော်တောင့်တမိခဲ့သလို အိုမာခရမ်လည်း တောင့်တခဲ့ဖူးပါတယ်။ ကျွန်တော်တို့မှာ မပြည့်စုံခြင်းတွေနဲ့
မတည်မြဲခြင်းတွေကို ခါးသီးစွာနဲ့ ဆုပ်ကိုင်လို့ထားတယ်။ အဲဒီအခိုက် အဲဒီပမာဏ
မြူတမှုန်စာ အကွာအဝေး အချိန်ခဏလေးအတွင်းမှာဖြင့် ချစ်ခြင်းတွေနဲ့ ငြိမ်းချမ်းစွာ နေလိုလှပါတယ်။
အိပ်ရာနိုးစ ချစ်သူရဲ့ အပြစ်ကင်းတဲ့ မျက်ဝန်းလေးကိုကြည့်နေရတာကိုက နိဗ္ဗာန်ဘုံတမျှပါပဲ။
ကျွန်တော် တနေ့ခင်းလုံး လောင်မြိုက်ပစ်မယ့် စွမ်းအင်ဒြပ်ထုတွေအတွက် မနက်ခင်း ချစ်သူဆီက
အနမ်းပွင့်တွေနဲ့ နှုတ်ဆက်ခြင်း ဆီကပဲယူခဲ့ပါတယ်။ ဘ၀မှာ ချစ်နေလို့လည်းမပြီးဘူးလို့ သူငယ်ချင်းတွေက
ပြောပါတယ်။ ဘ၀မှာ ချစ်နေဖို့ပဲ လိုအပ်ကြောင်း ကျွန်တော်က ပြောပါတယ်။ ချစ်ခြင်းကင်းမဲ့နေရင်
Ozzy Osbourne ဖြစ်မလာပါဘူး၊ Andy Warhol ဖြစ်မလာပါဘူး၊ Tonny Iommi ဖြစ်မလာပါဘူး၊
John F Kennedy ဖြစ်မလာပါဘူး။ အိုက်စင်ဟောင်းဝါးဟာ ချစ်ခြင်းတွေသာမရှိခဲ့ရင် ဟစ်တလာလိုပဲ
ဇာတ်သိမ်းမှာပါ။ ဂျွန်လင်နွန်က ယိုကိုအိုနိုကိုချစ်တယ်။ Imagine သီချင်းလေးဖြစ်လာခဲ့တယ်။
မတ်ဆုတဆုအိုယားမားက သူ့ရဲ့ ဘုရားပေးထားတဲ့ လက်သီးတွေကိုချစ်တယ်။ ဘီလ်ဂိတ်က
Microsoft Window ကိုချစ်တယ်။ ကျွန်တော်က ကျွန်တော့်ချစ်သူကို ချစ်တယ်။
ကျွန်တော်တို့ ဂြိုဟ်ကမ္ဘာကြီးက အင်မတန်မှ သာယာလှပပါတယ်။ အဲဒီသာယာလှပမှုကြောင့်ပဲ
စစ်မက်တွေလောင်မြိုက်ခဲ့ရ။ အဲဒီစစ်မီးတွေက ဗုဒ္ဓတရားတော်အရ ၀ဋ်ကြွေးတွေကို ပေးဆပ်နေရခြင်းတခုပါပဲ။
စစ်မက်တွေကြောင့် ဒုက္ခရောက်နေကြသူတွေထဲမှာ ချစ်တဲ့သူနဲ့ ကွေကွင်းရတဲ့ ဒုက္ခတရားကို စာနာ
နားလည်မိပါတယ်။ ဒါပေမယ့် သံသရာဟာ စက်ဝိုင်းတခုပါ။ တနေရာထဲမှာ ရပ်မနေပါဘူး။
အမုန်းတရား မုန်တိုင်းတွေ ပြီးရင် ချစ်ခြင်းတွေနဲ့ ပြာလွင်တောက်ပနေတဲ့ ကောင်းကင်ကြီးကို
တွေ့ရလိမ့်မယ်။ ချစ်ခြင်းတရားရဲ့ ငြိမ်းချမ်းအေးမြတဲ့ ခွန်အားတွေ ကမ္ဘာမှာများလာရင်တော့ စစ်မီးတွေ
ငြိမ်းသွားစေမှာ အမှန်ပါ ...။

...

No comments: